ပထမဆုံးပွဲထွက်ခွင့်ရတဲ့နေ့မှာပဲ ကိုက်(၄၀)အကွာကနေ ကိုယ့်ဂိုးကိုယ် အလှပဆုံး သွင်းလိုက်သူ
ဒီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ကလပ် ဟက်ဒါဖီးအသင်းကို ရောက်ရှိခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမား ဘာကူနာရဲ့ အဖြစ်ကတော့ ရယ်နေဖို့သာ ကောင်းပါတော့တယ်။ အသက် (၂၁) နှစ်အရွယ် လူငယ် ကွင်းလယ်လူဟာ ဟော်လန်ကလပ် ဂရိုနင်ဂျန်အသင်းကနေ ဟက်ဒါဖီးအသင်းဆီကိုပြောင်းရွှေ့လာခဲ့ပြီး သူ့ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် စတုခ်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ Carabao ဖလားပွဲမှာ ၀င်ရောက်ကစားခွင့်ရခဲ့တာပါ။
ကွင်းလယ်ဗဟိုမှာ အကောင်းဆုံး ကစားတတ်တဲ့ ဘာကူနာ ဟာ နယ်သာလန်အသင်းရဲ့ သက်တမ်းလိုက် လက်ရွေးစင်အသင်းတွေမှာ ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး သူ့ရဲ့ ဘောလုံးစွမ်းရည်က ထွန်းတောက်လာမယ့်အနေအထားမှာရှိတယ်လို့ သုံးသပ်ခြင်းခံရသူပါ။
ဒါပေမယ့် သူရဲ့ အသင်းသစ်နဲ့အတူ အဖွင့်ပွဲစဉ်ကတော့မလှပခဲ့ပဲ စတုခ်စီးတီးအသင်းကို အဝေးကွင်းမှာ (၂-၀) နဲ့ အရှုံးပေးခဲ့ရပါတယ်။
ဘာကူနာ ဟာ အဲဒီ ပွဲစဉ်ရဲ့ ပွဲချိန် (၉၇)မိနစ်မှာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတာဖြစ်ပြီး ကိုက်(၄၀) အကွာက သူ့ရဲ့ကန်ချက်ဟာ ချော်ထွက်သွားခဲ့ပြီးတဲ့နောက် ဂိုးပေါက်ထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ဟက်ဒါဖီးအသင်းက (၁-၀)နဲ့ ရှုံးနေခဲ့တာဖြစ်လို့ အသင်းသားတွေဟာ ဂိုးရဖို့ အတင်းကြိုးစားနေကြပေမယ့် ဘာကူနာရဲ့ လှပတဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် အားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ရပါတယ်။
ဘာကူနာ အတွက်တော့ အသင်းသစ်နဲ့ အဖွင့်ပွဲစဉ်မှာ လုံးဝ ဆိုးရွားတဲ့ခံစားမှုမျိုးရလိုက်တာပဲဖြစ်ပြီး ဟက်ဒါဖီးရဲ့ ကျောနံပတ်(၇)ဟာ အသင်းအတွက် ကံဆိုးမှုတွေ ယူလာခဲ့တဲ့ ကစားသမားလားလို့ အားလုံးက ထင်ခဲ့ကြပါတော့တယ်….။
Source : Dailymail
Comments
Post a Comment